ကမ္ဘာတစ်ခြမ်းထက် ကဗျာတစ်ပုဒ်ကို မြတ်နိုးသူ



တို့နှစ်ယောက်လျှောက်မယ့်လမ်း
ခမ်းနားတဲ့အဆောင်ယောင်တွေပါချင်မှ ပါလိမ်မယ်နော်..........
အဆုံးသတ်ကိုကြိုဖတ်လို့ရတဲ့
ပြဌာန်းချက်တစ်အုပ်မဟုတ်တဲ့
တို့တွေရေးတဲ့စာမျက်နှာတစ်ချို့မှာ
ရယ်သံတွေပါမယ်......
တစ်ချို့စာမျက်နှာတွေက
ခန်းလုလုမျက်ရည်စတွေနဲ့ ။

အကြင်နာလက်တစ်စုံနဲ့ ကမ်းလှည့်ပါ
ဘ၀ သစ်တစ်ခုကို မင်းနဲ့ ငါရဲ့ 
နားလည်မှု့တွေကိုဖြန့်ခင်း
စာနာခြင်းပုဝါကူ
မေတ္တာထူထူမိုးအုပ်
ဟိုး ခပ်လှမ်းလှမ်း 
သံသရာကမ်းစပ်ထိ
မနားတမ်းလျှောက်မယ်
ချောက်နက်နက် တစ်ချို့က တစ်မျိုး
ဆူးကြမ်းကြမ်းတစ်ကွေ့က တစ်ဖုံ
ကြုံဆုံလာနိုင်တဲ့လောကကြီးရဲ့
ပြကွက်ဆန်းဆန်းတွေကို
ရင်ဘက်ချင်းဆက်ပြီးကြိုမယ်လေ ။






* ကမ္ဘာကြီး တစ်ခုလုံး ကို လှပအောင် မစွမ်းနိုင်ပေမယ့်
မီးအိမ်လေးတစ်လုံးလို မင်း ချနင်းမယ့် ခြေလှမ်းတိုင်းတွက် အလင်းစက်တို့ ဖြိုပေးချင်တယ်. . .။
* မနက်ခင်းတိုင်း မင်းအနမ်းနွေးနွေး တွေနဲ့  နိုးထ
ပစ္စုပ္ပန် နေ့ ရက်တွေကို မင်းနဲ့ အတူ ကြိုရင်း နာရီတွေ အသက်သွင်းမယ်. . .။
* လေပြေချိုချို တွေ ဆော့တဲ့ ညနေတစ်ချို့ မှာ
တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်
ပြီး ခရီးတိုတို လေးအတွက် အားယူမယ်လေ. . .။
* နက္ခက်တွေ ညှို ကြယ်တွေ ရေတွက်ရင်း စိတ်ကူးတွေ ပုံဖော်
အိပ်မက်တစ်ခု မင်းနဲ့ ထပ်တူ မက်ချင်တယ်. . .။
* ကဗျာတွေ ဖြန့် ခင်း တို့ နှစ်ယောက်ရဲ့ ကြင်နာခြင်း အရိပ်
တစ်ခါတစ်ရံတော့ ကာရံ တွေနဲ့ စီးမျောကြရင်းပေါ့. . .။
* တိမ်တွေ ငို ပြိုဆင်းလုချိန်လေး သံစဉ်တွေနဲ့ 
တို့ နှစ်ယောက်ရဲ့ အနာဂတ် တိတ်တိတ်လေး ပြေးဖက်မယ်နော်. . .။
* အဖြူအမဲ လွန်ဆွဲနေတတ်တဲ့ သဘာဝတစ်ခု
လူတွေ ပြောတဲ့ တိုက်ပွဲ
တို့ ရဲ့ ကြင်နာခြင်းလက်တစ်စုံနဲ့ တိုက်မယ်လေ. . .။
* ဒဏ်ရာ ခါးခါး တစ်ချို့ 
အငွေ့ ပျံပျောက်ရှသွားဖို့ ခတ်တဲ့ အတိတ်
ရင်ခွင်ထဲ ထွေးသိပ်ပေးရင်း
နားလည်မှုတွေ နဲ့ ဖေးကူသွားကြမယ်နော်. . .။



ရင်ဘတ်ကြီးထဲက သံစဉ်တစ်စ
မင်းဘ၀ လှဖို့ဆိုညီး
ညနေတစ်ချို့ကို ကဗျာတွေခင်းပေးမယ်
မင်းလှမ်းလာခဲ့ပါနော်...။

ဘ၀ ဆိုတဲ့အရာက
ပုံပြင်တွေလို မလှနိုင်တော့
မင်းယုံအောင်ဘယ်လိုပြောပြရမလဲ။

သေချာတာကတော့
မနက်ဖြန်တွေလှဖို့အတွက်
မင်းနဲ့ ငါရဲ့ချစ်ခြင်းတွေ အရင်းပြု
ပုံပြင်အတုတွေဝါးမျိုရင်း
အလင်းမဲ့ညတွေကို
တို့နှစ်ယောက်ရဲ့ လက်တွေနဲ့ထွန်းညှိကြမယ်လေ။
 



* ကာရန်တွေနဲ့ လှခဲ့တဲ့ည မဟုတ်ဘူး
   ကဗျာတွေငိုပြီး တို့နှစ်ယောက်ရဲ့ ရင်ခုန်သံကို ကြိုခဲ့တာ….။

*သံစဉ်တွေနဲ့ လင်းခဲ့တဲ့ည မဟုတ်ဘူး
  သီချင်းတွေတိတ် ရင်ခွင်တစ်ခုလုံး ကြင်နာခြင်းအရိပ်တွေ ဖြာခဲ့တာ…။

*လိုချင်တာ ဖြစ်နိုင်တဲ့ ပုံပြင်တစ်ပုဒ်
  ကောက်နှုတ်ချက်တွေ ထုတ်ပြီး ပြောခဲ့တာမဟုတ်ဘူး
  အချစ်စွမ်းအားနဲ့ အရာရာ ပြီးမြောက်ခဲ့တာ…။

*ဖြစ်ချင်တာ ရစေတဲ့ စွမ်းအားလဲ ပိုင်ဆိုင်မထားခဲ့ကြပါဘူး
  နှလုံးသားချင်းထပ်တူကျ
  အလိုလို ကို ငြိမ်းချမ်းနေခဲ့ကြတာ…။ 

*အပြာရောင်ညထဲ
  နှလုံးသားထောင့်တစ်နေရာက ယိုဖိတ်လာတဲ့ ဒီကဗျာ
  သေချာတာတော့ ကာရံမပါခဲ့ဘူး မောင်…။ 





ပုဝါမကူဘဲ  ထိုးခဲ့တာပါ
ရေရူဖို့လည်း မေ့ထားတာပါ
ဒါပေမယ့်
ရလာဒ်က လှမလာဘူး…။
တိုတောင်းပါတယ် လို့ပြောနေတဲ့ သက်တမ်း
တစ်ကယ်တမ်းနင်းဖြတ်ရတော့လည်း အတော်အသင့်တော့ကြာတယ်နော်..။
မေးခွန်းတစ်ခု ခေါင်းထဲရောက်လာတယ်
ရှင်သန်ခြင်းဆိုတာ….
အသိအမှတ်ပြုခံရခြင်း …
ထိုက်သင့်တဲ့ငွေအသပြာ ရယူနိုင်ခြင်း…
နေရာတစ်ခု လက်ဝယ်ကိုင်ထားခြင်း
တောက်ပတဲ့အပြုံးလှလှ တစ်ခု ဖန်တီးနိုင်ခြင်းလား
သေချာတာတစ်ခုကတော့
ငါ ပိုပြီး ပြုံးပြတတ်လာတယ်….။
ရှင်သန်ခြင်း ဆိုတာ….
မှားလားမှန်လား ရှာဖွေခြင်း
စစ်လား တုလား ဝေဖန်ခြင်း
ဆိုးလား ကောင်းလား လောင်းကြေးထပ်ခြင်း
အကျိုး နဲ့ အပစ် တက်စ်လုပ်ခြင်း
အပူ အအေး မေးခွန်းထုတ်ခြင်း
မဲလား ဖြူလား ခွဲကြည့်ခြင်း
ယုံကြည်မှု ပမာဏ တိုင်းတာခြင်း
အလင်း အမှောင် ခြယ်ကြည့်ခြင်းလား
ဒီမေးခွန်းတွေကြား ငါအဖြေမထုတ်နိုင်ခဲ့ဘူး..။
ရှင်သန်ခြင်းဆိုတာ  …..
လွယ်ကူခြင်းမဲ့
အဆုံးမရှိ
ရှာဖွေနေရခြင်းလား….  
ကိုယ်အတွက် အဖြေခက်နေတဲ့ ဒီမေးခွန်း
ခေါင်းထဲရောက်ရောက်လာနေတယ်ကွယ်……။



အချစ်ကြိုးစစ် တွယ်ငှင်ရစ်ချည်
ထုဆစ်ပုံသွင်း ချစ်ခြင်းရုပ်သွင်
သံယောဇဉ်ပန်း  နွယ်ပင်တန်းတည်း ။

ကြင်နာမြစ်ငယ်  ယှက်ဖြာသွယ်စီး
ညလည်ညည်းချင်း ချယ်မှုန်းသံစဉ်
မေတ္တာယှဉ်တေး ငြိမ့်ငြိမ့်တည်း ။

ဂရုနာမိုး တိတ်တခိုးဆင်
မြတ်နိုးဝိဥာဉ် တိုးဝှေ့ကြင်သည်
ရင်ခွင်တစ်စုံလှိုက်ခုန်စေ ။

နွယ်တစ်ပင်ပွင့် သံစဉ်လွင့်ချိန်
မေတ္တာအိမ်သစ် တိုးနှစ်ရစ်ချည်
အလီလီဆင့်  ပန်းရောင်ဖြစ်တည်
ရွယ်ရည်သက်ဆုံး တိုင်သို့စေ ။



သင်္ကြန်ရနံ့ ပျံ့ ပျံ့ထုံသင်း
ချည်းနင်းဝင်ရောက် တံခါးခေါက်သူ ။

ကြူ ပုံဆန်းဆင့် လန်းစွင့်စွင့်ယှဉ်
ပင်မြင့်ခေါင်းဖျား ၀င့်ကြွားသူ ။

စက်သွားနရီ ရာသီကူးလူး
နှစ်ဦးသက်ဝင် ပုံရိပ်ဆင်သူ ။

နဂိုယဉ်ပို ရွှေဆင်းစိုစို
ရွက်စိမ်းခိုဝှက် အရှက်သည်းသူ ။

နှုတ်ဆက်ရွက်အို ရွက်နုပျို ကြား
ဥသြချို ကြိုတဲ့ သူ  ။

တူပို့သံချို မူပိုယိမ်းက
ယိမ်းသူမထက် လှလွန်းသူ ။

သူ့ဂုဏ်မွှန်းတင် ပန်းတော်ဝင်ချင်း
ယဉ်ထက်ယဉ်ဆင့် သတင်းကြီးသူ ။




စိတ်ဝိဥာည်တစ်ခုလုံး ပုံအပ်
နှစ်လုံးသားချင်း ထပ်တူကျ
ညပေါင်းများစွာထဲက တစ်ည
ဘဝမှာ အဦးဆုံးသက်ဝင်လှုပ်ရှား
ရင်ခုန်သံ စည်းချက်ညီ နိုးထခဲ့ပေါ့……..။

·         အိပ်စက်ခြင်း မရှိပါပဲ
အိပ်မက်တစ်ခု အတူမက်ရင်း
တို့ နှစ်ယောက်ရဲ့ ဘဝပုံရိပ်
တိတ်တိတ်လေး ထုဆစ်ခဲ့ချိန်
တိမ်ဆိုင်တွေတောင် လိုက်ပါလို့ ”က” နေခဲ့ မယ်ထင်တယ်
အဲဒီည
အိပ်မက်တွေထက် လှတဲ့ ညပေါ့…။



မင်းရဲ့ နှလုံးသားရပ်ဝန်းတစ်ဝိုက်မှာ
ငါ့ရဲ့ "မေတ္တာမိုးရေချိန်"
ရွာရန် ရာနှုန်းပြည့် ဆိုတာ
ဘယ်မှာ မှ ကြော်ငြာပြဖို့ မလိုအပ်ဘူးနော်...။
မင်းရဲ့ ရင်လွှာထက်က ပုံရိပ်
ငါ့နှစ်လုံးသားအိမ်မှာ အသက်ဝင်
ညင်သာလွန်းတဲ့ ဆွဲအား
စက္ကန့် လေး ခြားလိုက်ရင်ပဲ
ငါ့ နှလုံးသားလေး ဖျားတတ်တယ်....။
ငါက မင်းရဲ့ အရိပ်
တစ်ခါတစ်ခါ မင်းကြိတ်ငိုရင်တောင်
ငါ့နှလုံးသွေးတွေ အလိတ်လိတ်ကျ
ထိတ်ထိတ်ပြာပြာနဲ့ 
ငါလေ အရူးမီးဝိုင်းဖြစ်တတ်တာလည်း
ဘယ်သူမှ မမြင်လိုက်တောင်
မင်း သိနေပါတယ်....။
ရေမြေတွေ ခြားထားလဲ
မင်း နဲ့ ငါ့ နှစ်လုံးသား
မွေးဖွားတဲ့ ည တစ်ညတည်း
အသက်ဝင်ချိန် တစ်ချိန်တည်း
တို့ နှစ်ယောက်က
"နှစ်လုံးသားချင်းဆက်" အမွှာတွေ နော်။



ဘဝရဲ့ လက်တွဲဖော်တွေနော်
ပျော်စရာကြုံလဲ မခွဲကြေး
ငိုစရာဆိုလဲ မျှဝေကြေး
ပြောပြနေရတယ် ခဏတိုင်းပဲ
ချစ်သူက မေ့တတ်လို့ ပါ။

ဘဝရဲ့ ရင်ခုန်ဘတ်တွေလေ
ဝေချိန်လဲ အတူတူ ဝေကြေှး
ကြွေချိန်လဲ အတူတူ ကြွေကြေး
ဒါလည်း ချစ်သူ ပေးထားတဲ့ ကတိစကားပါ။

သေတပန်သက်တဆုံးထိ မတောင်းဆိုပါဘူး
“ခဏ” ဆိုတဲ့ အချိန်တိုင်းလေးပဲ
ပေးထားဖူးတဲ့ ကတိစကား
ပြန်ပြန် ကြားပေးပါလား။

ခါးတတ်တဲ့ ဘဝရဲ့ မြစ်ကြီးထဲ
အရိုးသားဆုံး ရင်ခုန်သံတွေနဲ့ 
အနွေးထွေးဆုံးချစ်သူ့ လက်တစ်စုံ ဆို ကိုယ့်ဘဝ ကုံလုံနေပါပြီ။

ည





ပဉ္စလက် အတတ်ပညာနဲ့ ဖမ်းစား
နှလုံးသားယန္တယား
ရုတ်တရတ် ရပ်သွားခဲ့တာလား. . .
အရှိန်ပိုမြင့်လွန်းလို့ 
အမြင်မှာ "ရပ်" နေတယ်လို့ မြင်မိသွားတာလား
သေချာတာတော့
နှလုံးသားလေး ဖျားတဲ့ ည ပေါ့. . .။
လူသားအားလုံး
လက်ခံကျင့်သုံးနေတဲ့ တေးတစ်ပုဒ်
ဘယ်မှာ ထူးဆန်းပါ့မလဲ
"ချစ်တယ်" ဆိုတဲ့ သံစဉ်
ရင်ခုန်သံ အမြင်တွေနဲ့ သီဖွဲ့ တဲ့တေး
အဝေးဆုံးလွင့်ပျံ
ပဲ့တင်လို့ ညံခဲ့
နှလုံးသားကိုယ်စီလည်း ယိမ်းက တဲ့ ညပေါ့. . .။
ရင်ခုန်ဘတ်ချင်းမို့ 
အိပ်မက်တစ်ခု အတူမက်
ဘဝမြစ်တစ်လျှောက်
စုန်ရေကြုံချိန်တွေပဲ ဖြစ်ဖြစ်
ဆန်ရေ တွေ့ သည်ဆိုဆို
တို့ နှစ်ယောက်လက်တွေမြဲစေ
နှစ်လုံးသားချင်း အထပ်ထပ် ကြား
ကတိတွေ ထားတဲ့ ည ပေါ့. . .။



ကြည်သာရွှင်မြူး
ကောင်းကင်ဦးလည်း
ဖြန့်ကြဲနှင်းမှုံ
မြူဇာခြုံ လျှက်
သူထွေးဖက် သည်
ပြာရည်ငွေလှိုင်း အထိုထို ။

မယ့်ရင်ခွင်တွင်း
လူးလွန့်ရင်း မှ
တေးချင်း ချိုမြ
အို... အေး...စ သီ
ရေကြည်ချမ်းမျှ မယှဉ်သာ ။

ရင်မှာသိပ်သည်း
စုံကဲမိုးယှက်
စေတီမြတ်တွင်
အာရုံထင်ကာ
ပန်ရာအမှု့ 
အဆု ဆုကို
ကျွန်တောင်းဆိုသည်
ဘေးမည်သမျှ မခစေ  ။



( မောင် )





















* တို့ နှစ်ယောက်ရဲ့ ရင်ခုန်သံ
  နံရံတွေရဲ့ နားတွေကြားတယ်
  မင်း နဲ့ ငါ ကြား
  မြူမှုန် ပါးပါးလေး တောင်
  ခြားမထား ဘူးနော်။

* အာရုံဦး အလင်းတန်း
  ငါ့အတွက်တော့ မင်းရဲ့အနမ်း
  မင်းအတွက်လည်း ငါ့ရဲ့အနမ်း
  နှလုံးသားနဲ့ ဖမ်းဆုပ်ထား
  တို့ နှစ်ဦးပဲ ကြားစေတယ်နော်။

* ကိုယ့်ရင်ဘတ်ကို ကိုယ်ပြန်ငေး
  မေးခွန်းတစ်ချို့ မေးမိတယ်
  အချစ် ဆိုသော တန်ပြန်မှုအား
  နှလုံးသားတိုင်းကို လှုပ်ခတ်စေတာပေါ့။

* ရင်ဘတ်ချင်း ဆက်
  နှစ်လုံးသားချင်း ထပ်ထားသူတွေ
  သံသယာ ဒီခရီးကို
  ဘဝလက်ချင်း ခိုင်ခိုင်တွဲ
  ရဲရဲလျှောက်ကြမယ် နော်။




ကြယ်စင်တွေလင်းလတ်
စည်းချက်ညီကခဲ့တယ်
မင်းနဲ့ ငါ့အတွက်ရင်ခုန်သံ
လှိုင်းတွေထံ လို့............။

တူညီတဲ့ တန်ပြန်မှု့တွေအောက်
မာနတွေ ဒူးထောက်ကျ
ယုယမှု့တွေ ထမ်းပိုးလို့
မြတ်နိုးခြင်း လိပ်ပြာ
တို့ နှစ်ယောက်ထံကို
အရောက်ပြန်ဝဲလာခဲ့တယ်နော် ။

ပုံမှန်နဲ့ ကွဲထွက်
ပွင့်အံကျလာတဲ့ ရင်ခုန်သံ
သံစဉ်မြစ်တစ်လျှောက် စီးဆင်း
ရှိုက်သံကင်းမဲ့ ဇုံမှာ
ကဗျာ တစ်ပုဒ်ကို အတူတူဆို
အကြင်နာတွေ ပိုခဲ့ကြတယ်နော် ။
                                               


  သံယောစဉ်ရပ် ၀န်း
မေတ္တာတွေနဲ့ မွှန်းထားတယ်
အဆုံးလွန်ပေးဆပ်မှု့တွေနဲ့ပေါ့ ။

လွတ်လပ်စွာ ငိုကြွေးခွင့်
ပွင့်လင်းတဲ့ပြောဆိုမှု့
ယုယမှု့တွေလည်းပါတယ်
နူးညံ့စွာ တစ်ခါတစ်ခါအော်
အဲဒီအချိန်တွေ ပျော်ဖို့ကောင်းတယ်...။

ဟန်ဆောင်ဖို့မလိုဘူး
အပြုံးတွေ မချိုလည်း ဖြစ်တယ်
မင်းငိုချင်တဲ့ အချိန်ငို
လိုအပ်လာပြီဆိုရင်
စွမ်းသလောက်ပေါ့
မင်းအနားမှာ ရှိတတ်တယ်...။ 



 ငါ့ရင်ဘတ်ကြီးထဲ စီးဆင်း
 နွေတလင်း ပဲ ဖြစ်နေပါစေ
 ချစ်မိုးပွင့်တွေ ကြွေကျ
 ဖြူလွလွ နှင်းစက် တစ်ချို့ တောင်
 ပြိုဆင်းလာတတ်တယ်...။

  မိုင်တိုင်တွေ ခြားထားပေမယ့်
  လိပ်ပြာချင်းဆက်ထား
  အချိန်ရထားကြီး ခုတ်မောင်း
  အလွမ်းဘူးတာအိုမှာ ခဏ ရပ်နား
  အလျားနဲ့ အနံ မသိပေမယ့်
  အသွားရယ် အပြန်ညီခဲ့ကြတယ်...။

 လူတွေ ပြောနေကြတဲ့ "အချစ်"
  ကိုယ်တိုင်ထုဆစ်မိနေချိန်
   စွဲလန်းစိတ်ရဲ့အရှိန်
  အိပ်မက်အိမ်ထိ မင်းတိုးဝင်
  အသိမပေး တံခါးမခေါက်ပဲ
 ရောက်ရောက်လာတတ်တာလဲ ခဏခဏ ပါပဲ...။



* နေ့ နဲ့ ည ပုံမှန်ဖြတ်သန်း
 အလွမ်းခန်းတစ်ချို့ ရပ်ဆိုင်း
 တို့ နှစ်ယောက် အတွက်
 အဲဒီညက သမိုင်းလေးကို
 ငါလေ..
 အပြာရောင်လေး ခြယ်ချင်မိတယ်..။

* ရင်ခုန်သံချိုတွေနဲ့ 
 မင်း ရင်ဘတ်ကို ပုံတူကူးချ
 အဲဒီညက ကဗျာလေး
 ငါ့အတွက်တော့ ကာရန်တွေ လှနေခဲ့ တယ်..။

* တို့ နှစ်ယောက်ရဲ့ ချစ်ခြင်း
 အရောင်တွေ ကင်းနေတယ်
 ကဗျာတွေ သီ
 စာတွေ ဖွဲ့ ပြဖို့ မလိုအပ်ပါဘူး
 အဲဒီညရဲ့ ရင်ခုန်သံ
 စည်းချက်တွေ မှန်နေခဲ့တယ်...။

* ရင်ဘတ်ကြီးနဲ့ ရင်းပြီး
 အလင်းညှိ ခဲ့တယ်...
 အဲဒီညရဲ့ အရိပ် အတိတ်မှာပဲ ကျန်မနေခဲ့ရဘူး
 တို့ နှစ်ဦးအတွက်တော့
 အမြဲတမ်း ပစ္စုပ္ပန်ဖြစ်
 အချစ် တေးသစ်တွေ ဆက်ဆိုနေမယ်လေ.....။



Happy Blog Day


ဒီနေ့ လေးကို ပထမဆုံး တွေ့ ကြုံဖူးတဲ့ ရင်လှိုင်း အရမ်းကို ပျော်နေခဲ့ပါတယ်….။ ရင်လှိုင်းကို တွဲခေါ်ဖို့ ကြိုးစားပေးကြသူတိုင်းကိုရင်လှိုင်း အပျော်တွေကြားကနေ ကျေးဇူးတင်တဲ့အကြောင်းလေးကို ပြောပါရစေ…။ ရင်လှိုင်းရဲ့ အိမ်လေးကို စပြီးဖွင့်တာကတော့ June 8 နေ့ ပါ..။ ပထမဆုံးသော ရင်လှိုင်း ခြေလှမ်း လေးက “ဖန်တီးသူ” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ကဗျာလေး တစ်ပုဒ် ပါ…။
ရင်လှိုင်း ဘလော့အကြောင်းကို ဘာမှ မယ်မယ်ရရ မသိပါပဲ စာရေးပြီး တင်လို့ ရတယ်... ဆိုတဲ့ အသိလေးတစ်ခု နဲ့ တင် ဒီနေရာလေးကို ရောက်လာခဲ့တာပါ…။ ရောက်လာလာခြင်းတော့ အိမ်တွေ လည်ရင်း စာတွေ ဖတ်၊ ကောမန့် တွေရေးနဲ့ လေ…။ ကိုယ်မန့် လိုက်လို့ ကိုယ့်ကောမန့် လေး ပြန်ဖတ်ရတာကို ပျော်နေခဲ့တာလေ…။ ဒီနေရာ၊ ဒီရပ်ဝန်းလေးက အဲလိုလေးတွေ ချစ်ဖို့ ကောင်းနေခဲ့တာပါ…။
ရင်လှိုင်း ထပ်ပြီး သိလာတာက Blog Day ပါ..။ Blog Day က August 31 တဲ့။ ဒီနေ့ ရဲ့ သမိုင်းကြောင်းကို ရင်လှိုင်း ကောင်းကောင်းမသိပါဘူး..။ ရင်လှိုင်း သိတာကတော့ ဒီနေ့ (Blog Day)အတွက် တဂ်ပိုစ့်ဆိုတာက It’s a must ဆိုတော့ ရင်လှိုင်း ကြိုးစားပြီး တာဝန်ယူရတော့တာပေါ့။ ဒီနေ့ မှ ကြိုးစားပြီး တဂ်ရတာကိုတော့ အားနာမိပါတယ်..။ နောက်ကျနေပေမယ့် လည်း Blog Day ရဲ့ အပျော်လေးတွေ က ခုထိရှိနေတာက တစ်ကြောင်း၊ ပြီးတော့ ရင်လှိုင်းကို ချစ်လို့ အမှတ်တရ တွဲခေါ်လာတဲ့ မမသက် နဲ့ မဂျက်ကို လေးစားတာက တစ်ကြောင်း နဲ့ ခု ဒီပိုစ့်လေးကို ရေးဖြစ်မိတာပါ…။
ရင်လှိုင်း ရဲ့ ဘလော့ပေါ်ခြေချတဲ့ သက်တမ်းက တစ်ကယ့်ကို နုနုလေးပါ..။ ဒီအချိန်မှာ တဂ်ပိုစ့်ဆိုတာကို စတင်ကြုံလာခဲ့တယ်…။ သူများတွေ တဂ်ပိုစ့်တွေကို ကြည့်ပြီး ပျော်နေရင်းက ကိုယ့်မှာလည်း တာဝန်ရှိလာပြီဆိုတာ သိလိုက်ရတော့ ရင်လှိုင်း စိတ်လှုပ်ရှားမိတယ်…။ ရင်လှိုင်း ဒီတာဝန်ကို ကြိုးစားပြီး ယူရတာပါ..။ စာရေးချင်လို့ ဆောက်ထားတဲ့ အိမ်လေးမှာ သူပတ်ဝန်းကျင်၊ သူ့ အသိုင်းအဝန်း လေးရဲ့ သဘာဝလေးကို သိခွင့်ရလာခဲ့တယ်လေ…။ ရင်လှိုင်း ကို တွဲခေါ်ဖို့ ကြိုးစားတဲ့ မမသက်၊ မဂျက် တို့ ကို ရင်လှိုင်း ကျေးဇူးတင်ပါတယ်..။
ရင်လှိုင်း အိမ်လေး ရဲ့ အားနဲချက်တွေကို ကြိုးစားပြီးတော့သာ ဖြည့်ကြည့်ပေးကြပါနော်…။ အိမ်ရှင်တိုင်း ဧည့်သည်ကို မျှော်တတ်တယ်လို့ ရင်လှိုင်း တွေးမိတယ်…။ ဒီအတွေးလေးက တစ်ကယ့်ကို ရိုးသားစွာ တွေးမိခြင်းပါ…။ ဧည့်သည်မျှော်နေပေမယ့် ရောက်လာတဲ့ ဧည့်သည်တော်တွေ အတွက် တော့ ပြည့်ပြည့်စုံစုံလေး မစီစဉ်ပေးနိုင်သေးဘူး ဖြစ်နေတယ်..။ အဲဒီအတွက်တော့ ရောက်လာသူ ဧည့်သည်တော်တွေကို ရင်လှိုင်း တောင်းပန်ပါတယ်….။ တစ်ဖြည်းဖြည်း နဲ့ တော့ ဧည့်ဝတ်ကျေအောင် ကြိုးစားနေပါတယ်….။
Happy Blog Day!!






     မမသက် ရင်လှိုင်းလည်း ရှိတဲ့အိတ်လေး မှောက်ပြတော့မယ်နော်..။ သူများတွေ လို တော့ 
ကဗျာဆန်စွာ အိတ်လေးကို မှောက်ပြ တတ်ဘူးနော်..။ ကဲ ရင်လှိုင်း အိတ်လေး မှောက်ပြီနော်..။

   ပထမဆုံးက ရင်လှိုင်း အိတ်ကိုင်လေ့ မရှိဘူး..။ တစ်ချိန်လုံး ကျောပိုးအိတ်ကို ပဲ မခွဲမခွာ ကျောမှာ ပိုးလေ့ ရှိနေတတ်တယ်..။ ခုတော့ အကြောင်း လေးတွေ ရှိနေလို့ ..အကျိုးလေးတွေ ဖြစ်လာတာပေါ့နော်…။ တရားဟောနေတာ ဟုတ်ဖူးနော်..။ ဘယ်ရောက်သွား လဲ မသိဘူး…မြန်မြန် ဖမ်းရမယ်..။ ဒါက ဒီလို ရှိပါတယ်…။ အစောက ပြောတဲ့ အကြောင်းကြောင်းကြောင့် ရင်လှိုင်းမှာ အိတ်လေး ရှိလာပါပြီ…။ ရှိတဲ့ အိတ်လေးကို ပဲ မှောက်ပြ မယ်နော်..။

  ရင်လှိုင်း စာရေးချင်တဲ့ ပိုးလေးက အကြီးကြီး မဟုတ်ပေမယ့်..သေးသေးလေး လည်း မဟုတ်ခဲ့ပါဘူး..။ သူများတွေ လို့ ဖွဲ့ မပြတတ်ပေမယ့် ရင်လှိုင်း ကြိုးစားပြီး လျှောက်နေခဲ့ပါတယ်..။ သူငယ်ချင်း တစ်ယောက်ပြောသလို ကိုယ်ဖျော်တဲ့ ကော်ဖီ ကိုယ့်ကိုယ် ကို တော့ အနေတော် ပဲမို့ လေ..။ အိတ်ပဲ ဆက်မှောက်တော့မယ်နော်..။
 
  ရင်လှိုင်း အိတ်က အများကြီး မပါဘူး..။ ရုံးမှာ တော့ ရင်လှိုင်း အိတ်က ကလေးဆန်နေမလား ပဲ…..။ ဘယ်သူမှ မဆန်ဆန်၊ ကိုယ့်ဘာသာ ဆန်ပစ်မယ်လေ..။ မိုက်တယ်နော်…။

   ဒီဘက်က အိတ်လေးက အိတ်ကြီး ထဲမှာ တော့ မပါမဖြစ် တဲ့ စာရင်းထဲ ပါမယ်ထင်တာပဲလေ..။ မနက်ဆို သူလေးက ဖြေရှင်း ပေးတတ်တယ်…။ တစ်ခါတစ်လေ ထမင်း ဆီဆမ်း နဲ့ ပဲပြုတ် ကို သူလေးက ဖြေရှင်း ပေးတယ်..။ နေ့ လည်တော့ လက်ညိုးထိုး က ထမင်း တစ်ထုပ် နဲ့ ငါးခြောက်ချက် ပေါ့..။ (ရင်လှိုင်း တို့ ရုံးက နာမည်ပေးထားတာတော့ လက်ညိုးထိုးတဲ့၊ လက်ညိုး ထိုးလိုက်ရင် သူက ထည့်ပြီး သားပဲ။)

   အဝါရောင်ဖုန်းလေးကတော့ အသက်ပေါ့နော်..။ မပါမဖြစ်ပါပဲ…။ ရင်လှိုင်း က ခု မှ သုံးတာ ဆိုတော့ သိပ်ပြီး သုံးတတ်ဘူး လေ..။ အဝါရောင်လေးက အကြိုက်ဆုံး အရောင်တော့ ဟုတ်ဘူးပဲ..။ ဒါပေမယ့် သူ့ လေးကို လည်း အရေးတကြီး ကို သယ်သယ် သွားရတယ်..။ ခွဲ ထားခဲ့ လို့ မဖြစ်ချင်ဘူးရယ် :p  ။

    နောက်တစ်ခု က လည်း ဘာမှ ဟုတ်ပဲ ထည့်ထည့် ထားတာလေ..။ သူများတွေ မြင်ရင် အထင်လေး များ ကြီး မလားပဲလို့ လေ…။ ဆရာမကြီး ခင်စောတင့် ရဲ့ စာအုပ်လေး ….။ အားလုံး အထင်ကြီး ချင် ကြီးလို့   ရပါပြီ။

   ရင်လှိုင်းက ခေါင်း သိပ်မကောင်းဘူး..။ တစ်ခုခု ဆို  Note page လေးနဲ့မှတ် ထားမှ လုပ်လို့ ရတယ်..။ ခဏ လေး နဲ့ မေ့မေ့ သွားတတ်တာလေ..။ ဒါကြောင့် သူလည်း မပါမဖြစ်ပေါ့…နော်..။

    လက်အိတ်လေးနော် လှလား  ။သူကတော့ မဖြူတဲ့ အသား မည်း မှာ စိုးပြီး ထည့်ထည့် ထားတတ်တယ်..။ အညာက ပူတယ်လေ…နော။ ဆိုင်ပါတယ်နော်..။

    Camera လေးကတော့ဖုန်းမသုံးခင် ကတည်းက ကျောပိုးအိတ်ထဲ မှာ ထည့်ထည့် သွားတတ်တာလေ..။ တွေ့ သမျှ လေးတွေ မှတ်တမ်းတင်တတ်တယ်..။ ပြောပြရရင်တော့ အရှည်ကြီးရယ်..။ ဘလော့ မှာ စာတွေ ရေးမယ်ဆိုတော့ တွေ့ သမျှ လိုက်ရိုက်တော့တာ..။

   Diary ရေး ခိုင်းတတ်တဲ့ ရင်လှိုင်း ရဲ့ တီချယ်ပေးထားတာလေ..။ အစောပိုင်းက ဒီလောက် ကြီးတဲ့ ဒိုင်ယာယီ ရင်လှိုင်းမှာ မရှိဘူးရယ်..။ ဒီစာအုပ်လေး မှာ ကဗျာ တို လေးတွေ နဲ့ မှတ်မိ မှတ်ရာ ကွိစိ ကွစ လေး တွေ ရှိတယ်လေ..။ သူများတွေလို ပြောရရင်တော့ ဘာတွေလည်း မေးနဲ့ နော်..။ ပြောဘူးလို့  :p  ။

   အဖြူရောင်ဆေးကဒ် လေးကတော့ ရင်လှိုင်း ခေါင်းကိုက်တတ်လို့ ဆောင်ထားတာလေ..။
ခေါင်းကိုက်လို့ တော့ ရင်လှိုင်း က ပါရာ ပဲ သောက်လိုက်တယ်..။ ပိုင်တယ်နော်..။
ရင်လှိုင်း အိတ်လေး ထဲ ဒါပဲ ကုန်ပြီလေ..။
         
     ရင်လှိုင်း က ပေါ့တိပေါ့ဆ နေလေ့ လုပ်လေ့ရှိတော့ အိတ်ထဲမှာ စုံတကာ မစေ့နိုင်ဘူးလေ…။
 ဒါပေမယ့် အိတ်လေးက အရမ်းကို ပေါ့တာ ..။ လွယ်ရ၊ သယ်ရတာလေ :p  ။

Popular Posts 2

Popular Posts 3