ကမ္ဘာတစ်ခြမ်းထက် ကဗျာတစ်ပုဒ်ကို မြတ်နိုးသူ
ခရီးတွေ လျှောက်ခဲ့ တာ
နာရီပေါင်း ဘယ်နဲ တော့မလဲ ကွယ်...
အမေ့ပါးပြင်မှာ..
အသားလေးတွေက
တစ်ချို့ နေရာ ပို
တစ်ချို့ နေရာ လို နဲ့ 
အရင်လို အမေ့ အသားအရည် တွေ မစိုတော့ဘူး ။
ဘဝဆိုတာ တိုက်ပွဲ လို့ 
အားလုံး နီးပါး အော်နေချိန်မှာ
အမေ့ ရဲ့ လက်တွေနဲ့ 
သေသေ သပ်သပ် အုပ်ကာမိုးပေးထားတော့
ပီပီ ပြင်ပြင်
မမြင်သာ ခဲ့ဘူးပေါ့ နော်..။
ကန်သင်း တစ်ခု ကို
ထု ကောင်းကောင်း နဲ့ ဖို့ ဆည်တော့..
စီးလာသမျှ ရေတွေ
စိမ့် ထွက် ဖို့ အား နဲ သွားခဲ့ တယ်..
ဒီတော့
ဘယ်မှာ ရေလို အုံးမှာ လဲ ..။
အမေ ပြင်ပေးတဲ့ ထမင်းပွဲ မှာ
စာဖွဲ့ လောက်တဲ့ ဟင်းတွေ ထက်
မေတ္တာ တွေ ရောကြိုတဲ့ 
ဟင်းချိုတစ်ခွက် နဲ့ တင် ထမင်း မြိန်စေခဲ့ တယ်..
အမေ ပြောနေကြ စကားလေး က
"အိမ်ထောင်ဖြို စားဖိုက" တဲ့ ..။
အမေ့ ခါးမှာ ဆင်တဲ့ ထဘီ (ထမိန်)
အရောင်က ခပ်မှိန်မှိန် ရယ်
ဒါပေမယ့်
အမေ ပြောတာက..
"ကိုယ်က လူငယ် သပ်သပ် ရပ်ရပ် ဝတ်စား ရမယ်" တဲ့..။
အမေ ပြောတတ်တာလေး တစ်ခု ရှိတယ်..
"အားလုံးထက် မသာ ရင်တောင်
အားလုံး နဲ့ တန်းတူ လိုက်စေချင်တယ်" တဲ့ ..
ဘယ်တော့ မှ အော် မပြောဘူး
ဘယ်လို မှ ငို မပြဘူး
ရိုးရိုးလေး ပဲ ပြောပြတတ်တာလေ..။
သံယောဇဉ် ကြီးလွန်းသူ
တစ်ခါတစ်ခါ တော့
ပျက်ဖို့ ဖြစ်လာတာ ကို ပြောပြ
ဒေါသ ကင်းဖို့ လမ်းညွန်
စခန်းတစ်ခု မှာ အတူဆုံ
ကြုံလာ တဲ့ ဒီခရီးလေး ကို
ဖြေးဖြေး လေး လျှောက် ချင်သူပေါ့....။
လူတိုင်း စာအုပ်စာပေ တွေ နဲ့ ရင်းနှီး ကျွမ်းဝင်ချင်မှ ကျွမ်းဝင်ပါလိမ့်မယ်…။  ဒါပေမယ့် နှလုံးသား ရှိတဲ့ သူတိုင်းတော့ အနုပညာ ခံစားချက်ကတော့ ရှိကြတဲ့ သူတွေ ချည်းပါပဲ..။
လူတစ်ယောက်ဟာ စာရေးဆရာ ဟုတ်ချင်မှ ဟုတ်မယ်..။ ကဗျာတွေ ဖွဲ့ တတ်ချင်မှ ဖွဲ့ တတ်မယ်..။ ဒါပေမယ့် ခံစား တတ်ပါတယ်..။
ပြောချင်တာက လူတိုင်းဟာ ခံစားတတ်ကြပါတယ်..။ ခံစားတတ်ကြတဲ့ သူတိုင်းတော့ စာတွေ သီ၊ ကဗျာတွေ ဖွဲ့ တတ်မှာ မဟုတ်ပါဘူး..။ ဒီတော့ စာတွေ မသီတတ်ရင်၊ ကဗျာတွေ မဖွဲ့ တတ်ရင် ခံစားချက် မဲ့ နေတယ်လို့ တော့ ပြောလို့ ရမှာ မဟုတ်ပါဘူး..။
ရင်လှိုင်း လည်း လူတွေထဲက လူတစ်ယောက်မို့ ခံစားတတ်ပါတယ်..။ ဒါဆို စာတွေ သီ၊ ကဗျာတွေ ဖွဲ့ တတ်တယ်ပေါ့..။ ဒီလို များမေးလာရင်တော့ ဟင့် အင်း ပါ..။ စာတွေ ကို လှအောင် မသီတတ်ပါဘူး..။ ကဗျာတွေ ကို လှအောင် မဖွဲ့ တတ်ပါဘူး..။ ဒါပေမယ့် ရင်လှိုင်း ခံစားတတ်ပါတယ်..။
ရင်လှိုင်း ခံစားရတာလေးတွေကို စာတွေ သီချင်တယ်..။ ကဗျာတွေ ဖွဲ့ ချင်လာတယ်..။ ဒီတော့ စာတွေ ဖတ်ပါတယ်..။ စာရေးဆရာမ တစ်ယောက်ပြောတာ ကြာဖူးပါတယ်..။ (ဆရာမ နာမည် မမှတ်မိ တာကို ခွင့်လွှတ်စေချင်တယ်..။) “စာရေးချင်ရင် စာဖတ်ရမယ်” တဲ့..။ ရင်လှိုင်း စာရေးချင်လို့ စာ ဖတ်တာထက် စာကို မြတ်နိုးလို့ ဖတ်တာပါ..။ ကိုဆူးသစ် (ကိုသားလတ်) ပြောသလို ပဲ “ဘာကြောင့် စာဖတ်သလဲ” ၊ ကိုယ့်ကို ကိုယ် ထိန်းမတ်နိုင် ဖို့ စာတွေ ဖတ်ရပါတယ်..။ စာဖတ်ရင်း မှ အသိတွေ တိုးလာမယ်..။ အတွေးတွေ သစ် လာမယ်လေ..။
ဒီနေ့ ရင်လှိုင်း စာဖတ်ပါတယ်..။ စာဖတ်တဲ့ နေ့ ရင်လှိုင်းမှာ ပြောစရာတွေ ရှိနေပါတယ်..။ ရင်လှိုင်း စာမဖတ်တဲ့ နေ့ ဆို ပြောစရာ စကား မရှိသလို ပါပဲ..။ ရင်လှိုင်း စာရေးချင်တယ်..။ ဇာတ်ကား တစ်ကား ကြည့်ရင် ဝတ္ထုကို အရင်ကြည့်တတ်ပါတယ်..။ ဘယ်သူ ရေးတာလဲ..။ ဒီလို လေး တွေ ရူးပါတယ်..။ စာတွေ ရေးပြီး စာအုပ်တိုက်တွေ ဆီ ပို့ ပါတယ်..။ တစ်ခါ မှ အရွေးမခံ ရပါဘူး..။ ကဗျာတွေ ပို့ ဖြစ်ပါတယ်..။ ဟင့် အင်း ..ပါ..။ ဒီလို နဲ့ ပဲ “သက်တံ ဆယ်စင်း” ရင်လှိုင်း ရဲ့ လက်ထဲ ရောက်လာပါတယ်..။ အဲဒီမှာ ရင်လှိုင်း စာရေးချင်တဲ့ ပိုးက ပြန်ပြီး သောင်းကျန်း လာပါတယ်..။
ရင်လှိုင်း ဘလော့မှာ ရင်လှိုင်း ခံစားရတာတွေ၊ ရင်လှိုင်း မြင်သလောက် ပြောလို့ ရတာပဲ..။ ရင်လှိုင်း ဆုံးဖြတ်လိုက်တယ်..။ ဘလော့မှာ စာရေးမယ်ပေါ..။ အဲမှာ ပဲ ရင်လှိုင်းတွေးတယ်..။ ရင်လှိုင်း စာဖတ်သူ ကို ဘယ်လောက်ထိ ပေးနိုင်မှာလဲ..။ ဘာတွေ ပြောနိုင်မှာလဲ..။ တစ်ခု ပဲ ရင်လှိုင်း အများကြီးတော့ မပေးနိုင်ပါဘူး..။ ဘာဖြစ်လို့ လဲ ဆိုရင် ရင်လှိုင်း က ခံစား တတ်ရုံပဲလေ..။ စာတွေ မသီ တတ်ဘူး..။ ကဗျာတွေ မဖွဲ့ တတ်ဘူး..။ ရင်လှိုင်း ခံစားရသလောက်ကို ရင်လှိုင်း ရဲ့ လက် က ချပြ နိုင်ပါ့မလား..။ ရင်လှိုင်းမြင်တာကို အားလုံး မြင်အောင် ပြောဖို့ ဆိုတာ လွယ်တဲ့ ပညာ မှ မဟုတ်တာကို..။
ရင်လှိုင်း ဘလော့မှာ စာရေးဖို့ ပထမ ဆုံးသော ခြေလှမ်းက အင်တာနက် အကောင့်တစ်ခု ရဖို့ လုပ်ရတာပါ..။ ရင်လှိုင်း အင်တာနက် ဆိုင်သွားပါတယ်..။ ဆိုင်က အစ်ကို တစ်ယောက်ကို အကောင့်တစ်ခု ဖွင့်ခိုင်းပါတယ်..။ သူကလည်း ချက်ချင်း ဖွင့် ပေးပါတယ်..။ အကောင့်ရဲ့ ပတ်စ်ဝက်ကို ပြောင်းလို့ ရတယ် လို့ ပြောပြီး ဖွင့်ပေးလိုက်တာပါ..။ ဒါပေမယ့် ရင်လှိုင်း မပြောင်းခဲ့ပါဘူး..။ ဒါ ရင်လှိုင်း ရဲ့ ပထမ ဆုံးသော ခြေလှမ်းလေး ပါ..။
ရင်လှိုင်း ရဲ့ ဒုတိယ ခြေလှမ်း က ဘလော့အိမ်တွေ လိုက်လည်ရင်း စာတွေ ဖတ်တာပါ..။ စာတွေ ဖတ်ရင်း ခြေရာလေး တွေ ချန်..။ ကော်မန့် လေး တွေ ရေး နဲ့ ..ပေါ့..။ ပြီးမှ ရလာတဲ့ လိပ်စာ တွေ ကို invite လုပ်ပါတယ်..။ အားလုံး နီးပါးကို လိုက်ပြီး အကူအညီ တောင်းပါတယ်..။ အဲမှာပဲ “လွင်ပြင်လှိုင်းငယ်” ဆီကို ရောက်ပါတယ်..။ ရင်လှိုင်း သူ့ ကို invite လုပ်လိုက်ပါတယ်..။ ဒါပေမယ့် ရင်လှိုင်း သူ့ ကို စကားမပြောရဲဘူး..။ ကိုယ်က invite လုပ်ပြီး စကား မပြောလို့ က ဘယ်လိုလုပ်ကောင်း မလဲ..။ ဒါ နဲ့ ပဲ ..တစ်ရက် ကိုလွင်ပြင်ကြီး ကို နှုတ်ဆက်လိုက်ပါတယ်..။ ကိုလွင်ပြင်ကြီး ကလည်း နွေးနွေး ထွေးထွေး ပဲ ခင်ပေး ၊ လက်ခံပေးပါတယ်..။ ဒီလို နဲ့ သူငယ်ချင်းတွေ ဖြစ်ရာက ဘလော့ အကြောင်းတွေ ပြောပြ၊ အွန်လိုင်းရဲ့ ဆိုးပစ် ကောင်းကျိုးလေး တွေကို စိတ်ရှည်ရှည် နဲ့ ကို ရှင်းပြပါတယ်..။
ဘလော့လောက အားလုံး သိကြတဲ့ အတိုင်းပါပဲ ..။ ကိုလွင်ပြင်ကြီး ရဲ့ စိတ်ထားကို လေ..။ ရင်လှိုင်း စာရေးချင်တာလေး ပြောလိုက်တာ သူကူညီပေးမယ် ဆိုပြီး အားလုံး သူ ကိုယ်တိုင်လုပ်ပေးတာပါ..။ ရင်လှိုင်း အွန်လိုင်းအကြောင်း ဘာတွေ သိလဲ မေးရင် Gtalk မှာ မီး နီတာ၊ မီးဝါတာကို တောင် မသိပါဘူး..။ သူငယ်ချင်းက ပြောပြမှ မီနီတာ busy ဖြစ်နေတာ..။ မီးဝါတာက စက်နားမှာ လူမရှိတာ….။ ဒါမျိုးလေးတွေ သိလာတာပါ…။
ဒီလို နဲ့ ရင်လှိုင်း မထရီဆာ ရဲ့ အိမ်လေး ကို ရောက်ပါတယ်..။ ဘာတွေ့ ခဲ့ လဲ ဆိုရင် အရမ်း တန်ဖိုးကြီး တဲ့ စကားလေး ကို သိလာပါတယ်…။ ၁၀ ကို ၁ နဲ့ မြှောက်ရင် ၁၀ ပဲ..၊ ၀.၁ ပေါင်းပြီး ၁.၁ နဲ့ မြှောက်ရင်တော့ ၁၁ ဖြစ်လာမယ်တဲ့..။ ရင်လှိုင်း ၀.၁ ပဲ ကြိုးစားဖို့ လိုတာပေါ့..။
ရင်လှိုင်း စာရေးဖို့ ကို တစ်ကယ့်ကို ၀.၁ ပဲ ကြိုးစားလိုက်ရတာပါ..။ အားလုံးကို ကိုလွင်ပြင်ကြီး က ကူညီပြီး လုပ်ပေးပါတယ်..။ လိုအပ်တဲ့ နည်းလမ်း တွေ ကို လည်း ပြောပြ၊ သင်ပေးပါတယ်..။ ရင်လှိုင်း တွေးမိတာလေး ရှိတယ်..။ စာရေးချင်လို့ ကြိုးစားတာလေး ပါ..။ စာတွေ ဖတ်ပြီး သိလာတဲ့ ဘလော့လိပ်စာတွေ ကနေ မိတ်ဆွေကောင်းတွေ ရလာတာပါ..။ ပြောရရင်တော့ အရင်ထက် တော့ ရင်လှိုင်း စကားပြောလာ နိုင်ပါတယ်..။
ရင်လှိုင်း စာတွေ ဖတ်လို့ သာ ဘလော့ပေါ် ခြေချ လာနိုင်တာပါ..။ စာဖတ်ခြင်း ရဲ့ ကျေးဇူး လို့ ပြောရမှာပါ…။ ဘလော့ မောင်နှမ အားလုံးလည်း စာပေကို မြတ် နိုးကြသူတွေ ချည်း ပဲလေ..။ ဒါကတော့ အထူးပြောဖို့ မလိုဘူး ထင်ပါတယ်..။ ရင်လှိုင်း ဖြစ်ရပ်လေး ကို နားထောင်ပေး တဲ့ အခါ လိုတာတွေ ကို ဖြည့်ပြီး သာ မြင်ပေးပါနော်..။
ရင်လှိုင်း ခံစားရသလောက် စာတွေ သီ၊ ကဗျာတွေ ဖွဲ့ ပါမယ်..။ အားလုံးသော စာဖတ်သူတို့ ကို ရင်လှိုင်း မြင်သလောက် လေး ပြောပြမှာ ဖြစ်တဲ့ အတွက် လိုအပ်တာလေး တွေ ကို ဖြည့်တွေးပြီးသာ မြင်ပေးကြပါနော်..။ တစ်ခု တော့ ခိုင်ခိုင်မာမာ ပြောနိုင်ပါတယ်
 ရင်လှိုင်း စာပေတွေကို လေးစားမြတ်နိုးစွာ ခံစားတတ်ပါတယ်..။  
ရင်လှိုင်းခတ်သံ
အို...အရှင်
ညှာတာမှု့ကင်းစွာ
ငါ့ရင်ဘတ်ကြီး ထဲက အပြစ်ကင်းတဲ့ ချစ်ခြင်းတွေ ကို
အရှင် ဆွဲထုတ်သွားခဲ့ တယ်နော်...။
အို ..အရှင်
စာနာမှု့ကင်းစွာ
ငါ့ရင်ဘတ်ကြီး ထဲက လွမ်းခြင်းတွေ ကို
အရှင် သိမ်းပိုက် သွားခဲ့တယ်နော်...။
အို..အရှင်
ညှာတာ လှည့်ပါ
စာနာ လှည့်ပါ
အပြစ်ကင်းတဲ့ 
ငါ့ရင်ထဲက ချစ်ခြင်း၊ လွမ်းခြင်း တွေကို
လွတ်လပ်စွာ ပျံသန်းခွင့် ပြုလိုက်ပါ နော်...။
 မောင်…
မျက်ရည် တွေ ကျခဲ့တဲ့ ဒီည
ရင်ဘတ်ကြီးထဲ ရေးမှတ်ထားမယ်..။
ရင်ဘတ်ထဲက ခံစားချက် ငွေ့ ရည်ဖွဲ့ 
အဲဒီ မျက်ရည်တွေ ပြိုဆင်းတယ်ဆိုရင်
မောင့် မျက်ရည်တွေ မပြိုပါနဲ့ ..
ခင် ငိုမိမယ်..။
နာကျင် အောင် တမင်မရည်စူးဘူး
စကားလုံး တစ်ချို့ က ဝမ်းနည်းစေခဲ့သလား
နှစ်သိမ့်ပေးဖို့ ကြိုးစားရင်းက
ခင် ငိုတယ် မောင်..။
မောင့် သိက္ခာ တွေ ကို နင်း မိတယ်တဲ့ လား..
ခွင့်လွတ်ပါ…အကြိမ်ကြိမ် တောင်းပန်တယ်..
အဲဒီ ညက မောင့် မျက်လုံးတွေ အရည်တွေ စိုနေမှာပေါ့နော်…။
ဘာမှ မလိုချင်ပါဘူး..မောင်
အတူတူ လေး ဖြတ်သန်းချင် မိယုံလေးပါ..
ခဏလေး ဖြစ်ဖြစ်ပါ..ကျေနပ်နေမယ်…။
ဒီလို ည မျိုးလား မောင် ရယ်..
ခင် ငိုနေပေမယ့် ရင်ဘတ်ကြီးထဲ မှာ ချိုနေခဲ့ ပါတယ်….။
 သူ့ အပြစ်၊ ငါ့အပြစ် လို့ မဆို ကြေးလေ…
ရှေ့ ဆက်ဖို့ လမ်းမှာ
သစ္စာတွေ ဖြန့် ခင်း
ထာဝရ အမြဲတမ်း
ခင် ငိုရဲပါတယ်..မောင်
ဒီညလေးလို ပေါ့…။
ဘ၀ရဲ့လမ်း
သရမ်းလွန်းတဲ့ ကံ
ဒီလေကို ဆန်ဝံ့သလား
မုတ်သုန်ကြားကတိုးထွက်
တစ်ခါတခါ လင်းလက်ချင်မှ လင်းလက်မယ်။
ဘ၀ရဲ့လမ်း
ပြိုလုလုကမ်းပါအိုးမှာ
တို့ ဆိုရမယ့်တေးသွား
ခါးချင်းလည်း ခါးမယ်
လရောင်ကွယ်တဲ့ ညခင်း
ကြယ်ခင်းနဲ့ ခရီးဆက်
ချစ်သူရဲ့ အပြုံးတစ်ချက် နဲ့
ဟိုး...အဆုံးထိ လင်းလက်မယ်။
ဘ၀ရဲ့လမ်း
တိမ်ညိုသန်းလို့ ညချမ်းငို
စမ်းရေချိုတွေ ခန်းခြောက်
လှမ်းလျှောက်ရဲမှ လက်ကမ်း
ဒီ ခရီးက သိပ်ကြမ်းမယ် ။
အမည် နဲ့ နေရပ်
မင်း ထည့်စဉ်းစားဖို့ မလိုဘူး...
အလုပ်အကိုင် မဆိုင်ပါဘူးလို့ ပြောလို့ ရတယ်..
အသက်အရွယ်
အဲဒါလည်း မပါလို့  ဖြစ်တယ်
ဟင်..အဲဒါ ဘာလဲ
မင်းသိချင်မှာပဲနော်...။
ဟုတ်တယ်..
မင်းမှာ
မြတ်နိုးတတ်တဲ့ စိတ်
ကြင်နာတတ်တဲ့ လက်
အကောင်းမြင်တတ်တဲ့ မျက်ဝန်းတစ်စုံ
မှန်ကန်တဲ့ အတွေးအခေါ်
ရဲရင့်တဲ့ ဆုံးဖြတ်ချက်
ထက်မြတ်တဲ့ အယူအဆ
သူ့ ဘက်ကိုယ့်ဘက် မျှတစွာ ကြားနာနိုင်တဲ့ နှလုံးသား တစ်စုံ
တစ်ခါတစ်လေ သည်းခံ ခွင့်လွတ်တတ်မှု လေးတွေ ပါ ပေါင်းထည့်
အဲဒါဆို ..
မင်း ရဲ့ "ကိုယ်ပိုင်ကမ္ဘာလေး..." ကို ဖန်တီးနိုင်ပြီပေါ့....။
ရင်လှိုင်းခတ်သံ
ရောင်ခြည်တစ်ခုကို တမ်းတ
လမ်းစတစ်ခုကို ရှာဖွေ
တွေဝေမှုတွေ ရှင်းပစ်
အလင်းသစ်နဲ့ ရှေ့ဆက်လျှောက်....။
တက်ခေါက်သံ တစ်ခု ငါကြားတယ်
ထည်ဝါမှု ဘဝကို ဖန်ဆင်း
"ငါ၏ အသက် ပြိုလဲ သော်မှ
ငါ့မာန တွေ မြေသို့ ချမည်.."
စာဆိုတစ်ဦး ၏ မာန်တင်းသံ
ခံပြင်းသံ ပါလိုက်ပါဘိကွယ်..
"ငါ့ဓား အသွား အမြဲ သွေး
အလှမ်းဝေးရင် ရှေ့တိုးခုတ်
နောက်မဆုတ်တမ်းပေါ့.."
ငါ ဟာ ဖန်ဆင်း ရှင် မဟုတ်..
ဒါပေမယ့်..
ငါ့ဘဝ တစ်ခုကိုတော့ လှပအောင် ဖန်တီး နိုင်ရမှာပေါ့..။
ရောက်ခြည်သစ်ရဲ့ အားမာန်နဲ့ 
ခြေလှမ်း တစ်ခု ကို မွေးဖွား
အမှား တွေ နည်းဖို့ ကြိုးစားရင်း
အလင်းသစ်ဘဝကို တည်ဆောက်
ဘယ်တော့ ရောက်မလဲ
လွဲမှားမှု တွေ နဲ့ မိတ်ဆွေ မဖွဲ့ မိစေနဲ့ ပေါ့.။
ငါ ငို လို့ မရပါဘူးလား..
ဘာကြောင့်ဆိုတာ ပြန်တွေးဖို့ လိုပြီ..
ငါ့ မာန ဆိုတဲ့ သစ်ပင်လေး
မျော်လင့်ခြင်း ဆိုတဲ့ ရောင်ခြည်အောက်မှာ
အလင်းသစ်နဲ့ ပျော်ရွှင်
အမြဲ တမ်း အသက်ဝင်နေသရွေ့ ပေါ့...
ငါ့ မျက်လုံး တွေ ဘယ်တော့မှ မရှုံးစေရဘူး..
အဲဒါ..
ငါ ဖန်တီးသူ ပေါ့..။
ရင်လှိုင်းခတ်သံ
အတိတ်က အတွေးတွေ စွန့် ပစ်
ပစ္စုပ္ပန် မှာ တည့်တည့် မြင် တတ်မှ
အနာဂတ်ဆိုတာ ရှင်သန်နိုင်စွမ်း ရှိမယ်..။
ရင်လှိုင်းခတ်သံ
Popular Posts 2
Popular Posts 3