ကမ္ဘာတစ်ခြမ်းထက် ကဗျာတစ်ပုဒ်ကို မြတ်နိုးသူ





ပဉ္စလက် အတတ်ပညာနဲ့ ဖမ်းစား
နှလုံးသားယန္တယား
ရုတ်တရတ် ရပ်သွားခဲ့တာလား. . .
အရှိန်ပိုမြင့်လွန်းလို့ 
အမြင်မှာ "ရပ်" နေတယ်လို့ မြင်မိသွားတာလား
သေချာတာတော့
နှလုံးသားလေး ဖျားတဲ့ ည ပေါ့. . .။
လူသားအားလုံး
လက်ခံကျင့်သုံးနေတဲ့ တေးတစ်ပုဒ်
ဘယ်မှာ ထူးဆန်းပါ့မလဲ
"ချစ်တယ်" ဆိုတဲ့ သံစဉ်
ရင်ခုန်သံ အမြင်တွေနဲ့ သီဖွဲ့ တဲ့တေး
အဝေးဆုံးလွင့်ပျံ
ပဲ့တင်လို့ ညံခဲ့
နှလုံးသားကိုယ်စီလည်း ယိမ်းက တဲ့ ညပေါ့. . .။
ရင်ခုန်ဘတ်ချင်းမို့ 
အိပ်မက်တစ်ခု အတူမက်
ဘဝမြစ်တစ်လျှောက်
စုန်ရေကြုံချိန်တွေပဲ ဖြစ်ဖြစ်
ဆန်ရေ တွေ့ သည်ဆိုဆို
တို့ နှစ်ယောက်လက်တွေမြဲစေ
နှစ်လုံးသားချင်း အထပ်ထပ် ကြား
ကတိတွေ ထားတဲ့ ည ပေါ့. . .။



ကြည်သာရွှင်မြူး
ကောင်းကင်ဦးလည်း
ဖြန့်ကြဲနှင်းမှုံ
မြူဇာခြုံ လျှက်
သူထွေးဖက် သည်
ပြာရည်ငွေလှိုင်း အထိုထို ။

မယ့်ရင်ခွင်တွင်း
လူးလွန့်ရင်း မှ
တေးချင်း ချိုမြ
အို... အေး...စ သီ
ရေကြည်ချမ်းမျှ မယှဉ်သာ ။

ရင်မှာသိပ်သည်း
စုံကဲမိုးယှက်
စေတီမြတ်တွင်
အာရုံထင်ကာ
ပန်ရာအမှု့ 
အဆု ဆုကို
ကျွန်တောင်းဆိုသည်
ဘေးမည်သမျှ မခစေ  ။



( မောင် )





















* တို့ နှစ်ယောက်ရဲ့ ရင်ခုန်သံ
  နံရံတွေရဲ့ နားတွေကြားတယ်
  မင်း နဲ့ ငါ ကြား
  မြူမှုန် ပါးပါးလေး တောင်
  ခြားမထား ဘူးနော်။

* အာရုံဦး အလင်းတန်း
  ငါ့အတွက်တော့ မင်းရဲ့အနမ်း
  မင်းအတွက်လည်း ငါ့ရဲ့အနမ်း
  နှလုံးသားနဲ့ ဖမ်းဆုပ်ထား
  တို့ နှစ်ဦးပဲ ကြားစေတယ်နော်။

* ကိုယ့်ရင်ဘတ်ကို ကိုယ်ပြန်ငေး
  မေးခွန်းတစ်ချို့ မေးမိတယ်
  အချစ် ဆိုသော တန်ပြန်မှုအား
  နှလုံးသားတိုင်းကို လှုပ်ခတ်စေတာပေါ့။

* ရင်ဘတ်ချင်း ဆက်
  နှစ်လုံးသားချင်း ထပ်ထားသူတွေ
  သံသယာ ဒီခရီးကို
  ဘဝလက်ချင်း ခိုင်ခိုင်တွဲ
  ရဲရဲလျှောက်ကြမယ် နော်။




ကြယ်စင်တွေလင်းလတ်
စည်းချက်ညီကခဲ့တယ်
မင်းနဲ့ ငါ့အတွက်ရင်ခုန်သံ
လှိုင်းတွေထံ လို့............။

တူညီတဲ့ တန်ပြန်မှု့တွေအောက်
မာနတွေ ဒူးထောက်ကျ
ယုယမှု့တွေ ထမ်းပိုးလို့
မြတ်နိုးခြင်း လိပ်ပြာ
တို့ နှစ်ယောက်ထံကို
အရောက်ပြန်ဝဲလာခဲ့တယ်နော် ။

ပုံမှန်နဲ့ ကွဲထွက်
ပွင့်အံကျလာတဲ့ ရင်ခုန်သံ
သံစဉ်မြစ်တစ်လျှောက် စီးဆင်း
ရှိုက်သံကင်းမဲ့ ဇုံမှာ
ကဗျာ တစ်ပုဒ်ကို အတူတူဆို
အကြင်နာတွေ ပိုခဲ့ကြတယ်နော် ။
                                               


  သံယောစဉ်ရပ် ၀န်း
မေတ္တာတွေနဲ့ မွှန်းထားတယ်
အဆုံးလွန်ပေးဆပ်မှု့တွေနဲ့ပေါ့ ။

လွတ်လပ်စွာ ငိုကြွေးခွင့်
ပွင့်လင်းတဲ့ပြောဆိုမှု့
ယုယမှု့တွေလည်းပါတယ်
နူးညံ့စွာ တစ်ခါတစ်ခါအော်
အဲဒီအချိန်တွေ ပျော်ဖို့ကောင်းတယ်...။

ဟန်ဆောင်ဖို့မလိုဘူး
အပြုံးတွေ မချိုလည်း ဖြစ်တယ်
မင်းငိုချင်တဲ့ အချိန်ငို
လိုအပ်လာပြီဆိုရင်
စွမ်းသလောက်ပေါ့
မင်းအနားမှာ ရှိတတ်တယ်...။ 



 ငါ့ရင်ဘတ်ကြီးထဲ စီးဆင်း
 နွေတလင်း ပဲ ဖြစ်နေပါစေ
 ချစ်မိုးပွင့်တွေ ကြွေကျ
 ဖြူလွလွ နှင်းစက် တစ်ချို့ တောင်
 ပြိုဆင်းလာတတ်တယ်...။

  မိုင်တိုင်တွေ ခြားထားပေမယ့်
  လိပ်ပြာချင်းဆက်ထား
  အချိန်ရထားကြီး ခုတ်မောင်း
  အလွမ်းဘူးတာအိုမှာ ခဏ ရပ်နား
  အလျားနဲ့ အနံ မသိပေမယ့်
  အသွားရယ် အပြန်ညီခဲ့ကြတယ်...။

 လူတွေ ပြောနေကြတဲ့ "အချစ်"
  ကိုယ်တိုင်ထုဆစ်မိနေချိန်
   စွဲလန်းစိတ်ရဲ့အရှိန်
  အိပ်မက်အိမ်ထိ မင်းတိုးဝင်
  အသိမပေး တံခါးမခေါက်ပဲ
 ရောက်ရောက်လာတတ်တာလဲ ခဏခဏ ပါပဲ...။



* နေ့ နဲ့ ည ပုံမှန်ဖြတ်သန်း
 အလွမ်းခန်းတစ်ချို့ ရပ်ဆိုင်း
 တို့ နှစ်ယောက် အတွက်
 အဲဒီညက သမိုင်းလေးကို
 ငါလေ..
 အပြာရောင်လေး ခြယ်ချင်မိတယ်..။

* ရင်ခုန်သံချိုတွေနဲ့ 
 မင်း ရင်ဘတ်ကို ပုံတူကူးချ
 အဲဒီညက ကဗျာလေး
 ငါ့အတွက်တော့ ကာရန်တွေ လှနေခဲ့ တယ်..။

* တို့ နှစ်ယောက်ရဲ့ ချစ်ခြင်း
 အရောင်တွေ ကင်းနေတယ်
 ကဗျာတွေ သီ
 စာတွေ ဖွဲ့ ပြဖို့ မလိုအပ်ပါဘူး
 အဲဒီညရဲ့ ရင်ခုန်သံ
 စည်းချက်တွေ မှန်နေခဲ့တယ်...။

* ရင်ဘတ်ကြီးနဲ့ ရင်းပြီး
 အလင်းညှိ ခဲ့တယ်...
 အဲဒီညရဲ့ အရိပ် အတိတ်မှာပဲ ကျန်မနေခဲ့ရဘူး
 တို့ နှစ်ဦးအတွက်တော့
 အမြဲတမ်း ပစ္စုပ္ပန်ဖြစ်
 အချစ် တေးသစ်တွေ ဆက်ဆိုနေမယ်လေ.....။



Happy Blog Day


ဒီနေ့ လေးကို ပထမဆုံး တွေ့ ကြုံဖူးတဲ့ ရင်လှိုင်း အရမ်းကို ပျော်နေခဲ့ပါတယ်….။ ရင်လှိုင်းကို တွဲခေါ်ဖို့ ကြိုးစားပေးကြသူတိုင်းကိုရင်လှိုင်း အပျော်တွေကြားကနေ ကျေးဇူးတင်တဲ့အကြောင်းလေးကို ပြောပါရစေ…။ ရင်လှိုင်းရဲ့ အိမ်လေးကို စပြီးဖွင့်တာကတော့ June 8 နေ့ ပါ..။ ပထမဆုံးသော ရင်လှိုင်း ခြေလှမ်း လေးက “ဖန်တီးသူ” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ကဗျာလေး တစ်ပုဒ် ပါ…။
ရင်လှိုင်း ဘလော့အကြောင်းကို ဘာမှ မယ်မယ်ရရ မသိပါပဲ စာရေးပြီး တင်လို့ ရတယ်... ဆိုတဲ့ အသိလေးတစ်ခု နဲ့ တင် ဒီနေရာလေးကို ရောက်လာခဲ့တာပါ…။ ရောက်လာလာခြင်းတော့ အိမ်တွေ လည်ရင်း စာတွေ ဖတ်၊ ကောမန့် တွေရေးနဲ့ လေ…။ ကိုယ်မန့် လိုက်လို့ ကိုယ့်ကောမန့် လေး ပြန်ဖတ်ရတာကို ပျော်နေခဲ့တာလေ…။ ဒီနေရာ၊ ဒီရပ်ဝန်းလေးက အဲလိုလေးတွေ ချစ်ဖို့ ကောင်းနေခဲ့တာပါ…။
ရင်လှိုင်း ထပ်ပြီး သိလာတာက Blog Day ပါ..။ Blog Day က August 31 တဲ့။ ဒီနေ့ ရဲ့ သမိုင်းကြောင်းကို ရင်လှိုင်း ကောင်းကောင်းမသိပါဘူး..။ ရင်လှိုင်း သိတာကတော့ ဒီနေ့ (Blog Day)အတွက် တဂ်ပိုစ့်ဆိုတာက It’s a must ဆိုတော့ ရင်လှိုင်း ကြိုးစားပြီး တာဝန်ယူရတော့တာပေါ့။ ဒီနေ့ မှ ကြိုးစားပြီး တဂ်ရတာကိုတော့ အားနာမိပါတယ်..။ နောက်ကျနေပေမယ့် လည်း Blog Day ရဲ့ အပျော်လေးတွေ က ခုထိရှိနေတာက တစ်ကြောင်း၊ ပြီးတော့ ရင်လှိုင်းကို ချစ်လို့ အမှတ်တရ တွဲခေါ်လာတဲ့ မမသက် နဲ့ မဂျက်ကို လေးစားတာက တစ်ကြောင်း နဲ့ ခု ဒီပိုစ့်လေးကို ရေးဖြစ်မိတာပါ…။
ရင်လှိုင်း ရဲ့ ဘလော့ပေါ်ခြေချတဲ့ သက်တမ်းက တစ်ကယ့်ကို နုနုလေးပါ..။ ဒီအချိန်မှာ တဂ်ပိုစ့်ဆိုတာကို စတင်ကြုံလာခဲ့တယ်…။ သူများတွေ တဂ်ပိုစ့်တွေကို ကြည့်ပြီး ပျော်နေရင်းက ကိုယ့်မှာလည်း တာဝန်ရှိလာပြီဆိုတာ သိလိုက်ရတော့ ရင်လှိုင်း စိတ်လှုပ်ရှားမိတယ်…။ ရင်လှိုင်း ဒီတာဝန်ကို ကြိုးစားပြီး ယူရတာပါ..။ စာရေးချင်လို့ ဆောက်ထားတဲ့ အိမ်လေးမှာ သူပတ်ဝန်းကျင်၊ သူ့ အသိုင်းအဝန်း လေးရဲ့ သဘာဝလေးကို သိခွင့်ရလာခဲ့တယ်လေ…။ ရင်လှိုင်း ကို တွဲခေါ်ဖို့ ကြိုးစားတဲ့ မမသက်၊ မဂျက် တို့ ကို ရင်လှိုင်း ကျေးဇူးတင်ပါတယ်..။
ရင်လှိုင်း အိမ်လေး ရဲ့ အားနဲချက်တွေကို ကြိုးစားပြီးတော့သာ ဖြည့်ကြည့်ပေးကြပါနော်…။ အိမ်ရှင်တိုင်း ဧည့်သည်ကို မျှော်တတ်တယ်လို့ ရင်လှိုင်း တွေးမိတယ်…။ ဒီအတွေးလေးက တစ်ကယ့်ကို ရိုးသားစွာ တွေးမိခြင်းပါ…။ ဧည့်သည်မျှော်နေပေမယ့် ရောက်လာတဲ့ ဧည့်သည်တော်တွေ အတွက် တော့ ပြည့်ပြည့်စုံစုံလေး မစီစဉ်ပေးနိုင်သေးဘူး ဖြစ်နေတယ်..။ အဲဒီအတွက်တော့ ရောက်လာသူ ဧည့်သည်တော်တွေကို ရင်လှိုင်း တောင်းပန်ပါတယ်….။ တစ်ဖြည်းဖြည်း နဲ့ တော့ ဧည့်ဝတ်ကျေအောင် ကြိုးစားနေပါတယ်….။
Happy Blog Day!!






     မမသက် ရင်လှိုင်းလည်း ရှိတဲ့အိတ်လေး မှောက်ပြတော့မယ်နော်..။ သူများတွေ လို တော့ 
ကဗျာဆန်စွာ အိတ်လေးကို မှောက်ပြ တတ်ဘူးနော်..။ ကဲ ရင်လှိုင်း အိတ်လေး မှောက်ပြီနော်..။

   ပထမဆုံးက ရင်လှိုင်း အိတ်ကိုင်လေ့ မရှိဘူး..။ တစ်ချိန်လုံး ကျောပိုးအိတ်ကို ပဲ မခွဲမခွာ ကျောမှာ ပိုးလေ့ ရှိနေတတ်တယ်..။ ခုတော့ အကြောင်း လေးတွေ ရှိနေလို့ ..အကျိုးလေးတွေ ဖြစ်လာတာပေါ့နော်…။ တရားဟောနေတာ ဟုတ်ဖူးနော်..။ ဘယ်ရောက်သွား လဲ မသိဘူး…မြန်မြန် ဖမ်းရမယ်..။ ဒါက ဒီလို ရှိပါတယ်…။ အစောက ပြောတဲ့ အကြောင်းကြောင်းကြောင့် ရင်လှိုင်းမှာ အိတ်လေး ရှိလာပါပြီ…။ ရှိတဲ့ အိတ်လေးကို ပဲ မှောက်ပြ မယ်နော်..။

  ရင်လှိုင်း စာရေးချင်တဲ့ ပိုးလေးက အကြီးကြီး မဟုတ်ပေမယ့်..သေးသေးလေး လည်း မဟုတ်ခဲ့ပါဘူး..။ သူများတွေ လို့ ဖွဲ့ မပြတတ်ပေမယ့် ရင်လှိုင်း ကြိုးစားပြီး လျှောက်နေခဲ့ပါတယ်..။ သူငယ်ချင်း တစ်ယောက်ပြောသလို ကိုယ်ဖျော်တဲ့ ကော်ဖီ ကိုယ့်ကိုယ် ကို တော့ အနေတော် ပဲမို့ လေ..။ အိတ်ပဲ ဆက်မှောက်တော့မယ်နော်..။
 
  ရင်လှိုင်း အိတ်က အများကြီး မပါဘူး..။ ရုံးမှာ တော့ ရင်လှိုင်း အိတ်က ကလေးဆန်နေမလား ပဲ…..။ ဘယ်သူမှ မဆန်ဆန်၊ ကိုယ့်ဘာသာ ဆန်ပစ်မယ်လေ..။ မိုက်တယ်နော်…။

   ဒီဘက်က အိတ်လေးက အိတ်ကြီး ထဲမှာ တော့ မပါမဖြစ် တဲ့ စာရင်းထဲ ပါမယ်ထင်တာပဲလေ..။ မနက်ဆို သူလေးက ဖြေရှင်း ပေးတတ်တယ်…။ တစ်ခါတစ်လေ ထမင်း ဆီဆမ်း နဲ့ ပဲပြုတ် ကို သူလေးက ဖြေရှင်း ပေးတယ်..။ နေ့ လည်တော့ လက်ညိုးထိုး က ထမင်း တစ်ထုပ် နဲ့ ငါးခြောက်ချက် ပေါ့..။ (ရင်လှိုင်း တို့ ရုံးက နာမည်ပေးထားတာတော့ လက်ညိုးထိုးတဲ့၊ လက်ညိုး ထိုးလိုက်ရင် သူက ထည့်ပြီး သားပဲ။)

   အဝါရောင်ဖုန်းလေးကတော့ အသက်ပေါ့နော်..။ မပါမဖြစ်ပါပဲ…။ ရင်လှိုင်း က ခု မှ သုံးတာ ဆိုတော့ သိပ်ပြီး သုံးတတ်ဘူး လေ..။ အဝါရောင်လေးက အကြိုက်ဆုံး အရောင်တော့ ဟုတ်ဘူးပဲ..။ ဒါပေမယ့် သူ့ လေးကို လည်း အရေးတကြီး ကို သယ်သယ် သွားရတယ်..။ ခွဲ ထားခဲ့ လို့ မဖြစ်ချင်ဘူးရယ် :p  ။

    နောက်တစ်ခု က လည်း ဘာမှ ဟုတ်ပဲ ထည့်ထည့် ထားတာလေ..။ သူများတွေ မြင်ရင် အထင်လေး များ ကြီး မလားပဲလို့ လေ…။ ဆရာမကြီး ခင်စောတင့် ရဲ့ စာအုပ်လေး ….။ အားလုံး အထင်ကြီး ချင် ကြီးလို့   ရပါပြီ။

   ရင်လှိုင်းက ခေါင်း သိပ်မကောင်းဘူး..။ တစ်ခုခု ဆို  Note page လေးနဲ့မှတ် ထားမှ လုပ်လို့ ရတယ်..။ ခဏ လေး နဲ့ မေ့မေ့ သွားတတ်တာလေ..။ ဒါကြောင့် သူလည်း မပါမဖြစ်ပေါ့…နော်..။

    လက်အိတ်လေးနော် လှလား  ။သူကတော့ မဖြူတဲ့ အသား မည်း မှာ စိုးပြီး ထည့်ထည့် ထားတတ်တယ်..။ အညာက ပူတယ်လေ…နော။ ဆိုင်ပါတယ်နော်..။

    Camera လေးကတော့ဖုန်းမသုံးခင် ကတည်းက ကျောပိုးအိတ်ထဲ မှာ ထည့်ထည့် သွားတတ်တာလေ..။ တွေ့ သမျှ လေးတွေ မှတ်တမ်းတင်တတ်တယ်..။ ပြောပြရရင်တော့ အရှည်ကြီးရယ်..။ ဘလော့ မှာ စာတွေ ရေးမယ်ဆိုတော့ တွေ့ သမျှ လိုက်ရိုက်တော့တာ..။

   Diary ရေး ခိုင်းတတ်တဲ့ ရင်လှိုင်း ရဲ့ တီချယ်ပေးထားတာလေ..။ အစောပိုင်းက ဒီလောက် ကြီးတဲ့ ဒိုင်ယာယီ ရင်လှိုင်းမှာ မရှိဘူးရယ်..။ ဒီစာအုပ်လေး မှာ ကဗျာ တို လေးတွေ နဲ့ မှတ်မိ မှတ်ရာ ကွိစိ ကွစ လေး တွေ ရှိတယ်လေ..။ သူများတွေလို ပြောရရင်တော့ ဘာတွေလည်း မေးနဲ့ နော်..။ ပြောဘူးလို့  :p  ။

   အဖြူရောင်ဆေးကဒ် လေးကတော့ ရင်လှိုင်း ခေါင်းကိုက်တတ်လို့ ဆောင်ထားတာလေ..။
ခေါင်းကိုက်လို့ တော့ ရင်လှိုင်း က ပါရာ ပဲ သောက်လိုက်တယ်..။ ပိုင်တယ်နော်..။
ရင်လှိုင်း အိတ်လေး ထဲ ဒါပဲ ကုန်ပြီလေ..။
         
     ရင်လှိုင်း က ပေါ့တိပေါ့ဆ နေလေ့ လုပ်လေ့ရှိတော့ အိတ်ထဲမှာ စုံတကာ မစေ့နိုင်ဘူးလေ…။
 ဒါပေမယ့် အိတ်လေးက အရမ်းကို ပေါ့တာ ..။ လွယ်ရ၊ သယ်ရတာလေ :p  ။




ရင်ခုန်သံ ချိုတွေနဲ့ 
ငါ့ရင်ကို ငိုစေတဲ့ည
ခဏလေး ဖြစ်ဖြစ် ပြန်ရချင်တယ်.....
စည်းချက်ညီ လှုပ်ရှား
သွေးသားတွေထိ စီးဆင်း
မင်းပေးတဲ့ ကြင်နာခြင်း
ရင်ခွင် ကို လှုပ်နှိုး
အရိုးသားဆုံး ရုန်းထွက်
နှလုံးသားရဲ့ ဟိုးအနက်ရှိုင်းဆုံး ထောင့်နေရာက
ဖြူစင်တဲ့ ချစ်ခြင်း
အပြစ်ကင်းစွာ ပွင့်ခဲ့တဲ့ ညပေါ့...။

ကာရံ မညီခဲ့ဘူး
နရီ မပါခဲ့ဘူး
ရေမြေတွေ ခြားနေပေမယ့်
ရင်ဘတ်ချင်းဆက်ထား
နှလုံးသားချင်း နားလည်
ထပ်တူညီ အချိုးကျ
ဘဝလက်တွဲဖော် အတွက်
ဝေါဟာရတွေ မကြွယ်ခဲ့ဘူး
"ချစ်တယ်" ဆိုတဲ့ တစ်ခွန်း
အရူးတစ်ယောက်လို တစ်တွတ်တွတ်ဆို
အဲဒီညကို ပြန်လိုချင်တယ်.....။ 


 ကျမက အာရုံမှာ ပွင့်သည့်ပန်းဆိုရင်
မောင်က  ကျမကို နမ်းသော လေပြေ 
ဘယ်လိုအခြေအနေ ဖြစ်ဖြစ် ထာဝရ ထုဆစ်ကြမယ်။
       ''16-06-2013 ''



ပြောကြကြေးဆို
ပုံသေချပြထားတဲ့
မှန်ကန်မှု့ တစ်ခုပေါ့........
အားလုံးသုံးနေတဲ့ ရုပ်ဝတ္ထုတွေ
ငါမလိုချင်ပါဘူးလို့ ဆိုခဲ့ရင်
ရူးတယ်လို့ များ ပြောကြမလား.....
တစ်ခါတလေတော့လည်း
အများကြီးမဟုတ်တောင်
လှည့်စားတတ်တဲ့
အယောင်အဆောင် လေးတွေရဲ့ တန်ဖိုးကို
တွက်ကြည့်မိနေတယ်......
ငါ့နှလုံးသားရဲ့
တောင်းဆိုမှု့တွေက
ရုပ်ဝတ္ထုတွေ မဲ့နေခဲတယ်
သန်းခေါင်ယံအလယ်မှ လမင်း....
ကြင်နာခြင်း အနမ်း
ခပ်ဝါးဝါး အလွမ်းတွေနဲ့
မင်းကမ်းမဲ့ လက်တစ်စုံကို
ခုံမင်စွာနဲ့ငါ မက်မောတယ် ။



တစ်ယောက်ထဲ မင်းထားခဲ့ချိန်တွေ
         ငါ ငို ချင်မိတယ်..။

ဒါပေမယ့် ငါ မငိုပါဘူး ချစ်သူ
          မင်း ပြောထားတဲ့ တို့ နှစ်ယောက် အနာဂတ်လေး ကို 
          တိတ်တိတ်လေး မြင်နေရင်းပေါ့…။

တစ်ဘဝလုံး အတွက်
          ငါ့ စိတ်ကူး ၊ အိပ်မက်လေး တွေ မင်းကို ငါပေးထားပြီးပြီလေ
          မင်း ပြောပြတတ်တဲ့ အတွေးလေးတွေ ကို ပုံဖော်ကြည့်
           ခဏ ခဏ သတိပေး တတ်တဲ့ ချစ်သူ့ စကား
           ငါ့ ဘဝကို အမှားတွေ နည်းစေချင်လို့ ဆိုတာ ငါယုံထားတယ်လေ..။

တို့ နှစ်ယောက် အနေတွေ ဝေးနေပေမယ့်
           ရင်ဘတ်ချင်း ဆက်ခဲ့ တာ ငါ့ ကိုယ် ငါ အံ့သြနေတုန်း ပဲ..။

ချစ်သူ
မင်း မရှိတဲ့ အချိန်တွေ ဆို တိမ်တွေ တောင် ငို တယ်လို့ ငါမြင်နေ မိတယ်..  
          တစ်ကယ်ပါကွယ်
          တစ်ယောက်ထဲ မင်းထားခဲ့ချိန်တွေ
         ငါ ငို ချင်မိတယ်..။


ခရီးတွေ လျှောက်ခဲ့ တာ
နာရီပေါင်း ဘယ်နဲ တော့မလဲ ကွယ်...
အမေ့ပါးပြင်မှာ..
အသားလေးတွေက
တစ်ချို့ နေရာ ပို
တစ်ချို့ နေရာ လို နဲ့ 
အရင်လို အမေ့ အသားအရည် တွေ မစိုတော့ဘူး ။
ဘဝဆိုတာ တိုက်ပွဲ လို့ 
အားလုံး နီးပါး အော်နေချိန်မှာ
အမေ့ ရဲ့ လက်တွေနဲ့ 
သေသေ သပ်သပ် အုပ်ကာမိုးပေးထားတော့
ပီပီ ပြင်ပြင်
မမြင်သာ ခဲ့ဘူးပေါ့ နော်..။

ကန်သင်း တစ်ခု ကို
ထု ကောင်းကောင်း နဲ့ ဖို့ ဆည်တော့..
စီးလာသမျှ ရေတွေ
စိမ့် ထွက် ဖို့ အား နဲ သွားခဲ့ တယ်..
ဒီတော့
ဘယ်မှာ ရေလို အုံးမှာ လဲ ..။

အမေ ပြင်ပေးတဲ့ ထမင်းပွဲ မှာ
စာဖွဲ့ လောက်တဲ့ ဟင်းတွေ ထက်
မေတ္တာ တွေ ရောကြိုတဲ့ 
ဟင်းချိုတစ်ခွက် နဲ့ တင် ထမင်း မြိန်စေခဲ့ တယ်..
အမေ ပြောနေကြ စကားလေး က
"အိမ်ထောင်ဖြို စားဖိုက" တဲ့ ..။

အမေ့ ခါးမှာ ဆင်တဲ့ ထဘီ (ထမိန်)
အရောင်က ခပ်မှိန်မှိန် ရယ်
ဒါပေမယ့်
အမေ ပြောတာက..
"ကိုယ်က လူငယ် သပ်သပ် ရပ်ရပ် ဝတ်စား ရမယ်" တဲ့..။

အမေ ပြောတတ်တာလေး တစ်ခု ရှိတယ်..
"အားလုံးထက် မသာ ရင်တောင်
အားလုံး နဲ့ တန်းတူ လိုက်စေချင်တယ်" တဲ့ ..
ဘယ်တော့ မှ အော် မပြောဘူး
ဘယ်လို မှ ငို မပြဘူး
ရိုးရိုးလေး ပဲ ပြောပြတတ်တာလေ..။

သံယောဇဉ် ကြီးလွန်းသူ
တစ်ခါတစ်ခါ တော့
ပျက်ဖို့ ဖြစ်လာတာ ကို ပြောပြ
ဒေါသ ကင်းဖို့ လမ်းညွန်
စခန်းတစ်ခု မှာ အတူဆုံ
ကြုံလာ တဲ့ ဒီခရီးလေး ကို
ဖြေးဖြေး လေး လျှောက် ချင်သူပေါ့....။


လူတိုင်း စာအုပ်စာပေ တွေ နဲ့ ရင်းနှီး ကျွမ်းဝင်ချင်မှ ကျွမ်းဝင်ပါလိမ့်မယ်…။  ဒါပေမယ့် နှလုံးသား ရှိတဲ့ သူတိုင်းတော့ အနုပညာ ခံစားချက်ကတော့ ရှိကြတဲ့ သူတွေ ချည်းပါပဲ..။
လူတစ်ယောက်ဟာ စာရေးဆရာ ဟုတ်ချင်မှ ဟုတ်မယ်..။ ကဗျာတွေ ဖွဲ့ တတ်ချင်မှ ဖွဲ့ တတ်မယ်..။ ဒါပေမယ့် ခံစား တတ်ပါတယ်..။
ပြောချင်တာက လူတိုင်းဟာ ခံစားတတ်ကြပါတယ်..။ ခံစားတတ်ကြတဲ့ သူတိုင်းတော့ စာတွေ သီ၊ ကဗျာတွေ ဖွဲ့ တတ်မှာ မဟုတ်ပါဘူး..။ ဒီတော့ စာတွေ မသီတတ်ရင်၊ ကဗျာတွေ မဖွဲ့ တတ်ရင် ခံစားချက် မဲ့ နေတယ်လို့ တော့ ပြောလို့ ရမှာ မဟုတ်ပါဘူး..။
ရင်လှိုင်း လည်း လူတွေထဲက လူတစ်ယောက်မို့ ခံစားတတ်ပါတယ်..။ ဒါဆို စာတွေ သီ၊ ကဗျာတွေ ဖွဲ့ တတ်တယ်ပေါ့..။ ဒီလို များမေးလာရင်တော့ ဟင့် အင်း ပါ..။ စာတွေ ကို လှအောင် မသီတတ်ပါဘူး..။ ကဗျာတွေ ကို လှအောင် မဖွဲ့ တတ်ပါဘူး..။ ဒါပေမယ့် ရင်လှိုင်း ခံစားတတ်ပါတယ်..။
ရင်လှိုင်း ခံစားရတာလေးတွေကို စာတွေ သီချင်တယ်..။ ကဗျာတွေ ဖွဲ့ ချင်လာတယ်..။ ဒီတော့ စာတွေ ဖတ်ပါတယ်..။ စာရေးဆရာမ တစ်ယောက်ပြောတာ ကြာဖူးပါတယ်..။ (ဆရာမ နာမည် မမှတ်မိ တာကို ခွင့်လွှတ်စေချင်တယ်..။) “စာရေးချင်ရင် စာဖတ်ရမယ်” တဲ့..။ ရင်လှိုင်း စာရေးချင်လို့ စာ ဖတ်တာထက် စာကို မြတ်နိုးလို့ ဖတ်တာပါ..။ ကိုဆူးသစ် (ကိုသားလတ်) ပြောသလို ပဲ “ဘာကြောင့် စာဖတ်သလဲ” ၊ ကိုယ့်ကို ကိုယ် ထိန်းမတ်နိုင် ဖို့ စာတွေ ဖတ်ရပါတယ်..။ စာဖတ်ရင်း မှ အသိတွေ တိုးလာမယ်..။ အတွေးတွေ သစ် လာမယ်လေ..။
ဒီနေ့ ရင်လှိုင်း စာဖတ်ပါတယ်..။ စာဖတ်တဲ့ နေ့ ရင်လှိုင်းမှာ ပြောစရာတွေ ရှိနေပါတယ်..။ ရင်လှိုင်း စာမဖတ်တဲ့ နေ့ ဆို ပြောစရာ စကား မရှိသလို ပါပဲ..။ ရင်လှိုင်း စာရေးချင်တယ်..။ ဇာတ်ကား တစ်ကား ကြည့်ရင် ဝတ္ထုကို အရင်ကြည့်တတ်ပါတယ်..။ ဘယ်သူ ရေးတာလဲ..။ ဒီလို လေး တွေ ရူးပါတယ်..။ စာတွေ ရေးပြီး စာအုပ်တိုက်တွေ ဆီ ပို့ ပါတယ်..။ တစ်ခါ မှ အရွေးမခံ ရပါဘူး..။ ကဗျာတွေ ပို့ ဖြစ်ပါတယ်..။ ဟင့် အင်း ..ပါ..။ ဒီလို နဲ့ ပဲ “သက်တံ ဆယ်စင်း” ရင်လှိုင်း ရဲ့ လက်ထဲ ရောက်လာပါတယ်..။ အဲဒီမှာ ရင်လှိုင်း စာရေးချင်တဲ့ ပိုးက ပြန်ပြီး သောင်းကျန်း လာပါတယ်..။
ရင်လှိုင်း ဘလော့မှာ ရင်လှိုင်း ခံစားရတာတွေ၊ ရင်လှိုင်း မြင်သလောက် ပြောလို့ ရတာပဲ..။ ရင်လှိုင်း ဆုံးဖြတ်လိုက်တယ်..။ ဘလော့မှာ စာရေးမယ်ပေါ..။ အဲမှာ ပဲ ရင်လှိုင်းတွေးတယ်..။ ရင်လှိုင်း စာဖတ်သူ ကို ဘယ်လောက်ထိ ပေးနိုင်မှာလဲ..။ ဘာတွေ ပြောနိုင်မှာလဲ..။ တစ်ခု ပဲ ရင်လှိုင်း အများကြီးတော့ မပေးနိုင်ပါဘူး..။ ဘာဖြစ်လို့ လဲ ဆိုရင် ရင်လှိုင်း က ခံစား တတ်ရုံပဲလေ..။ စာတွေ မသီ တတ်ဘူး..။ ကဗျာတွေ မဖွဲ့ တတ်ဘူး..။ ရင်လှိုင်း ခံစားရသလောက်ကို ရင်လှိုင်း ရဲ့ လက် က ချပြ နိုင်ပါ့မလား..။ ရင်လှိုင်းမြင်တာကို အားလုံး မြင်အောင် ပြောဖို့ ဆိုတာ လွယ်တဲ့ ပညာ မှ မဟုတ်တာကို..။
ရင်လှိုင်း ဘလော့မှာ စာရေးဖို့ ပထမ ဆုံးသော ခြေလှမ်းက အင်တာနက် အကောင့်တစ်ခု ရဖို့ လုပ်ရတာပါ..။ ရင်လှိုင်း အင်တာနက် ဆိုင်သွားပါတယ်..။ ဆိုင်က အစ်ကို တစ်ယောက်ကို အကောင့်တစ်ခု ဖွင့်ခိုင်းပါတယ်..။ သူကလည်း ချက်ချင်း ဖွင့် ပေးပါတယ်..။ အကောင့်ရဲ့ ပတ်စ်ဝက်ကို ပြောင်းလို့ ရတယ် လို့ ပြောပြီး ဖွင့်ပေးလိုက်တာပါ..။ ဒါပေမယ့် ရင်လှိုင်း မပြောင်းခဲ့ပါဘူး..။ ဒါ ရင်လှိုင်း ရဲ့ ပထမ ဆုံးသော ခြေလှမ်းလေး ပါ..။
ရင်လှိုင်း ရဲ့ ဒုတိယ ခြေလှမ်း က ဘလော့အိမ်တွေ လိုက်လည်ရင်း စာတွေ ဖတ်တာပါ..။ စာတွေ ဖတ်ရင်း ခြေရာလေး တွေ ချန်..။ ကော်မန့် လေး တွေ ရေး နဲ့ ..ပေါ့..။ ပြီးမှ ရလာတဲ့ လိပ်စာ တွေ ကို invite လုပ်ပါတယ်..။ အားလုံး နီးပါးကို လိုက်ပြီး အကူအညီ တောင်းပါတယ်..။ အဲမှာပဲ “လွင်ပြင်လှိုင်းငယ်” ဆီကို ရောက်ပါတယ်..။ ရင်လှိုင်း သူ့ ကို invite လုပ်လိုက်ပါတယ်..။ ဒါပေမယ့် ရင်လှိုင်း သူ့ ကို စကားမပြောရဲဘူး..။ ကိုယ်က invite လုပ်ပြီး စကား မပြောလို့ က ဘယ်လိုလုပ်ကောင်း မလဲ..။ ဒါ နဲ့ ပဲ ..တစ်ရက် ကိုလွင်ပြင်ကြီး ကို နှုတ်ဆက်လိုက်ပါတယ်..။ ကိုလွင်ပြင်ကြီး ကလည်း နွေးနွေး ထွေးထွေး ပဲ ခင်ပေး ၊ လက်ခံပေးပါတယ်..။ ဒီလို နဲ့ သူငယ်ချင်းတွေ ဖြစ်ရာက ဘလော့ အကြောင်းတွေ ပြောပြ၊ အွန်လိုင်းရဲ့ ဆိုးပစ် ကောင်းကျိုးလေး တွေကို စိတ်ရှည်ရှည် နဲ့ ကို ရှင်းပြပါတယ်..။
ဘလော့လောက အားလုံး သိကြတဲ့ အတိုင်းပါပဲ ..။ ကိုလွင်ပြင်ကြီး ရဲ့ စိတ်ထားကို လေ..။ ရင်လှိုင်း စာရေးချင်တာလေး ပြောလိုက်တာ သူကူညီပေးမယ် ဆိုပြီး အားလုံး သူ ကိုယ်တိုင်လုပ်ပေးတာပါ..။ ရင်လှိုင်း အွန်လိုင်းအကြောင်း ဘာတွေ သိလဲ မေးရင် Gtalk မှာ မီး နီတာ၊ မီးဝါတာကို တောင် မသိပါဘူး..။ သူငယ်ချင်းက ပြောပြမှ မီနီတာ busy ဖြစ်နေတာ..။ မီးဝါတာက စက်နားမှာ လူမရှိတာ….။ ဒါမျိုးလေးတွေ သိလာတာပါ…။
ဒီလို နဲ့ ရင်လှိုင်း မထရီဆာ ရဲ့ အိမ်လေး ကို ရောက်ပါတယ်..။ ဘာတွေ့ ခဲ့ လဲ ဆိုရင် အရမ်း တန်ဖိုးကြီး တဲ့ စကားလေး ကို သိလာပါတယ်…။ ၁၀ ကို ၁ နဲ့ မြှောက်ရင် ၁၀ ပဲ..၊ ၀.၁ ပေါင်းပြီး ၁.၁ နဲ့ မြှောက်ရင်တော့ ၁၁ ဖြစ်လာမယ်တဲ့..။ ရင်လှိုင်း ၀.၁ ပဲ ကြိုးစားဖို့ လိုတာပေါ့..။
ရင်လှိုင်း စာရေးဖို့ ကို တစ်ကယ့်ကို ၀.၁ ပဲ ကြိုးစားလိုက်ရတာပါ..။ အားလုံးကို ကိုလွင်ပြင်ကြီး က ကူညီပြီး လုပ်ပေးပါတယ်..။ လိုအပ်တဲ့ နည်းလမ်း တွေ ကို လည်း ပြောပြ၊ သင်ပေးပါတယ်..။ ရင်လှိုင်း တွေးမိတာလေး ရှိတယ်..။ စာရေးချင်လို့ ကြိုးစားတာလေး ပါ..။ စာတွေ ဖတ်ပြီး သိလာတဲ့ ဘလော့လိပ်စာတွေ ကနေ မိတ်ဆွေကောင်းတွေ ရလာတာပါ..။ ပြောရရင်တော့ အရင်ထက် တော့ ရင်လှိုင်း စကားပြောလာ နိုင်ပါတယ်..။
ရင်လှိုင်း စာတွေ ဖတ်လို့ သာ ဘလော့ပေါ် ခြေချ လာနိုင်တာပါ..။ စာဖတ်ခြင်း ရဲ့ ကျေးဇူး လို့ ပြောရမှာပါ…။ ဘလော့ မောင်နှမ အားလုံးလည်း စာပေကို မြတ် နိုးကြသူတွေ ချည်း ပဲလေ..။ ဒါကတော့ အထူးပြောဖို့ မလိုဘူး ထင်ပါတယ်..။ ရင်လှိုင်း ဖြစ်ရပ်လေး ကို နားထောင်ပေး တဲ့ အခါ လိုတာတွေ ကို ဖြည့်ပြီး သာ မြင်ပေးပါနော်..။
ရင်လှိုင်း ခံစားရသလောက် စာတွေ သီ၊ ကဗျာတွေ ဖွဲ့ ပါမယ်..။ အားလုံးသော စာဖတ်သူတို့ ကို ရင်လှိုင်း မြင်သလောက် လေး ပြောပြမှာ ဖြစ်တဲ့ အတွက် လိုအပ်တာလေး တွေ ကို ဖြည့်တွေးပြီးသာ မြင်ပေးကြပါနော်..။ တစ်ခု တော့ ခိုင်ခိုင်မာမာ ပြောနိုင်ပါတယ်
 ရင်လှိုင်း စာပေတွေကို လေးစားမြတ်နိုးစွာ ခံစားတတ်ပါတယ်..။  




ရင်လှိုင်းခတ်သံ

Popular Posts 2

Popular Posts 3